ယနေ့ အင်တာနက်နည်းပညာနှင့် ကွန်မြူနတီကြောင့် စီးပွားရေးပုံစံအသစ်နှင့် နည်းပညာများလည်းထွန်းကားလာခဲ့၏။ ထို့ကြောင့် ယခင် အိုင်တီနည်းပညာ၏ ဈေးကွက်သည် Enterprise လုပ်ငန်းများဆီမှ၊ အသုံးပြုသူများ ဘက်ကိုပြောင်းလည်း လာခဲ့ပြီဖြစ်ကြောင်းကို သိရှိနိုင်ပေသည်။ ဤသို့ဆိုလျှင် ဘာကြောင့် Enterprise လုပ်ငန်းများသည် ဤမျှနောက်ကျကျန်ခဲ့ရသနည်း။ လူပြောများတဲ့ အားနည်းချက်တွေဘက်မှ ပြန်စဉ်းစားကြည့်ပါမည်။
ဘယ်နေရာတွေမှာ အားနည်းနေသလဲ
Enterprise System တွေဟာ နှစ်ရှည်လများ စီမံကိန်းတွေ ဖြစ်တတ်တာများကြ၏။ အနည်းဆုံး စီမံကိန်းချမှတ်ရာမှ အသုံးပြုနိုင်တဲ့အချိန်အထိ ၂နှစ်ခန့် ကြာမြင့်လေ့ရှိ၏။ ထို့ကြောင့် ရေးပြီးသောအခါမှာ System ဟာ အတော်လေးကို ဟောင်းနွမ်းနေလေ့ရှိတတ်သည်။
တဖန် Enterprise System များသည် ရှိရင်းစွဲ Resource များကို ပြန်လည်အသုံးချလိုလေ့ရှိ၏။ Enterprise System များကို ဘယ်လိုပုံစံမျိုးရေးချင်တာလဲ ဟုမေးလျှင်၊ အတော်များများက မှုရင်း System အတိုင်းအလုပ်လုပ်စေချင်တယ်ဟုပြောလေ့ရှိ၏။ အဲ့ဒီအတွက် အပြင်းကြီးတဲ့ Developer များက ရှိပြီးသား Logic တွေအတိုင်းကို ရေးပါတော့သည်။ လက်ရှိ System ရဲ့ အချက်အလက်၊ အနေအထားတွေကို အသေအချာသုံးသပ်ခြင်းမရှိပဲ၊ မှုရင်း System အတိုင်းကို ပုံတူကူးပါတော့သည်။ အဲ့ဒီအတွက် System ကို Renewal လုပ်မယ်ဟေ့ဆိုပြီးလုပ်လိုက်ပေမယ့်၊ ပတ်ဝင်းကျင်သာပြောင်းသွားသည်။ ရေးပုံသားပုံက ဒုံရင်းပင်ဖြစ်နေတတ်သည်။
နောက်တစ်ချက်ကတော့ Enterprise System တွေဟာ အမှားမခံနိုင်ခြင်း ဆိုတဲ့အချက်ဖြစ်ပါတယ်။ System ရုတ်တက်ရက် ရပ်တန့်သွားမှာ၊ အမှားဖြစ်မှာကို အလွန်စိုးရိမ်လေ့ရှိ၏။ စိုးရိမ်စရာပင်။ အမှားတစ်ခုကြုံလျှင် ကုမ္ပဏီပင် ပြုတ်သွားနိုင်သောကြောင့်ဖြစ်၏။ စဉ်းစားကြည့်ပါ။ စတော့ရှယ်ယာရဲ့ ဈေးနှုန်းကိုသုညတလုံးမှာပြီး ဖော်ပြမိပါက စက္ကန့်ပိုင်းအတွင်းတွင် ဒေဝါလီခံသွားနိုင်ပေသည်။ System မှားသွားလို့၊ ဘွာတေးသွားလုပ်လို့မရပေ။ ယုံကြည်မှု့သည် အဓိကဖြစ်ပါသဖြင့် အတိမ်းအဆောင်းမခံနိုင်သောကြောင့် တက်နိုင်သလောက် Stable Version ကို သာအသုံးပြုလေ့ရှိ၏။ လွန်ခဲ့တဲ့ ၂နှစ်ခန့်က Stable Version သည် ယနေ့ အတော်ကို ဟောင်းနေပြီဖြစ်၏။
ဆော့ဖ်ဝဲများကို ရေးသားရာတွင် အရင်းအမြစ်ဖြစ်တဲ့ လုပ်ငန်းသုံးအချက်အလက်များနှင့် အသုံးပြုပုံတို့ကိုသက်မှတ်၊ သုံးသပ်စနစ်ချ၊ ဒီဇိုင်းရေး၊ ကုဒ်ရေး၊ စမ်းသပ် ပြီးလျှင် လက်တွေ့အသုံးချ ဆိုတဲ့ အဆင့်တွေကို အဆင့်ဆင့်ကျင့်သုံးလေ့ရှိသည်မှာ၊ အထက်မှအောက်ကို စီးဆင်းလေ့ရှိသော ရေတံခွန်နှင့်တူသောကြောင့် ရေတံခွန်စနှစ်ဟု ခေါ်ဆိုလေ့ရှိ၏။ ဆော့ဖ်ဝဲရေးသားပုံစနှစ်မှာ ရေတံခွန်အပြင်၊ System တစ်ခုလုံးကို အဆင့်ဆင့်သက်မှတ်ပြီး တဆင့်ချင်းကို ရေတံခွန်ပုံစံနှင့်ရေးသားသည့် ခရုပတ်ပုံစံနှင့်၊ လျှင်မြန်၍ပြောင်းလည်းရလွယ်ကူစေသော ရေးသားပုံစနှစ်များဖြစ်ကြသော Agile ရေးသားပုံစနစ်များရှိကြ၏။
Enterprise System များသည်သူတို့ရဲ့ ရှိရင်းစွဲ အရင်းအနှီးတွေကိုပြန်အသုံးချလိုခြင်း၊ အမှားမခံလိုခြင်းတို့ကြောင့် ရေးသားပုံစနစ်ကို ရေတံခွန် (Water Fall) ပုံစံကို ရွေးချယ်ပြီးရေးသားလေ့ရှိ၏။ ထို့ကြောင့် တစ်ခါသတ်မှတ်ပြီးလျှင် ပြုပြင်ရအလွန်ခက်ခဲလေ့ရှိသည်ဟု အပြောများကြပါသည်။
ကျွှန်တော့်အမြင်ကတော့ ရေးသားပုံစနစ်အပြင် အသုံးပြုနေသော Database Management System ကြောင့်လည်းပါပါလိမ့်မည်။ Enterprise System အတော်များများသည် Relational Database System ကို အသုံးပြုကြသည်ကများပါသည်။ Relational Database ကြောင့် Enterprise System များဟာ တိုးတက်မှု့ရလာတာဖြစ်ပေမယ့် Data တစ်ခုနှင့်တစ်ခုရဲ့ ပတ်သက်မှု့ကို ဦးစားပေးလွန်းတဲ့ အတွက်ကြောင့် System တစ်ခုလုံးကို ပြောင်းလည်းရခက်ခဲစေခဲ့ပါတယ်။

ရှိပြီးသား System တစ်ခုမှာ Relational Database ၏ အချက်အလက်တစ်ခု၊ ကီးတစ်ခုကို ပြောင်းကြည့်ဘူးသူဖြစ်ပါက မည်မျှခက်ခဲပြီး၊ ပြုပြင်ပြောင်းလည်းရမလွယ်မှန်း သိမည်ဖြစ်သည်။ အကြောင်းမှာ System အတော်များများရဲ့ တည်ဆောက်ပုံမှာ OOP ကိုအခြေခံထားပါသော်လည်း၊ Database မှာမူ RDB ကို အခြေခံထားသောကြောင့်ဖြစ်၏။ အချက်အလက်တစ်ခုကို OOP မှကြည့်သောအမြင်နှင့် RDB ဘက်မှကြည့်သောအမြင်မှာ မတူညီသောကြောင့်ဖြစ်၏။
နောက်တစ်ချက်မှာ Enterprise System များမှာ လွန်စွာကုန်ကျစာရိတ်ကြီးမားခြင်း ဖြစ်၏။ လက်ရှိ ဂျပန်နိုင်ငံတွင် Enterprise System တစ်ခုကို ရေးသားရန် ကုန်ကျစာရိတ်ကို ခန့်မှန်းရာ၌၊ အိုင်တီပညာရှင်တစ်ယောက်အား တစ်လအသုံးပြုလျှင် ရန်း 1 000 000 သတ်မှတ်လေ့ရှိ၏။ မြန်မာငွေနှင့်ဆိုလျှင် သိန်းတစ်ရာခန့်ကုန်ကျ၏။ လူ တစ်ရာခန့်ရှိသော ပရိုဂျက်တစ်ခုဆိုလျှင် တစ်လကို သန်းပေါင်းတစ်ထောင် ကုန်ကျနေသည် ဆိုသည်ကို ခန့်မှန်းနိုင်ပါသည်။
မရေးသားခင်ကာလ၊ ရေးသားနေစဉ်ကာလ၊ ရေးသားပြီးပြန်တော့လည်း ထိမ်းသိမ်းမှု့စာရိတ် အစရှိသဖြင့် အမျိုးမျိုးကုန်ကျလေ့ရှိ၏။ ထို့အပြင် အသုံးပြုမည့် စက်ပစ္စည်းများနှင့် အခြေခံဆော့ဖ်ဝဲများ (Operation System, Database, Application Server, Framework) မှာလည်း အခကြေးငွေ ကုန်ကျလှပေသည်။
အလင်းရောင်တိမ်တိုက်များ
ယခင်တစ်ခေါက် အိုင်တီ ရေစီးကြောင်းများ ဖြင့်ဖော်ပြခဲ့သည့်အတိုင်း ကွန်မြူနတီများ၏ နည်းပညာသည် အင်တာနက်နှင့် Open Source များပေါ်တွင် အခြေခံ၍ တိုးတက်လာခဲ့ပေသည်။ ဤကဲ့သို့သော အင်တာနက်ပေါ်တွင် အခြေခံသော System တည်ဆောက်ပုံများကို Cloud Computing ဟုခေါ်ပါသည်။ ကွန်ပျုတာအကြောင်း ရှင်းလင်းချက် ပုံစံများတွင် အင်တာနက်၊ ကွန်ယက်များကို မိုးတိမ်ပုံစံများဖြင့် ဖော်ပြလေ့ရှိသောကြောင့်၊ အင်တာနက် (network)ကို အခြေခံ၍ System တည်ဆောက်ပုံများကို Cloud Computing ဟုခေါ်ဆိုလေ့ရှိသည်ဟု ဆိုကြပါသည်။
ယနေ့ထက်ထိအသုံးပြုခဲ့သော ကွန်ပျူတာအသုံးပြုပုံမှာ၊ အသုံးပြုသူက စက်ပစ္စည်းများ၊ ဆော့ဖ်ဝဲများနှင့် အချက်အလက်များကို ကိုယ်တိုင်ပြင်ဆင်၊ ထိမ်းသိမ်းကြရသည်။ သို့ရာတွင် Cloud Computing တွင် အသုံးပြုသူက၊ အင်တာနက်၏နောက်ကွယ်မှ ဆားဗစ်များကို အသုံးပြုပြီး၊ ကျသင့်သည့် အခကြေးငွေကို ပေးဆောင်ရသည့် ပုံစံဖြစ်၏။ အလုပ်လုပ်မည့် ကွန်ပျူတာများနှင့် Network များမှာမူ ဆားဗစ်များကို ဝန်ဆောင်မှု့ပေးမည့် လုပ်ငန်းများဘက်တွင် ပြင်ဆင်ထားမည် ဖြစ်ပြီး၊ အသုံးပြုသူဘက်၌ ပြင်ဆင်ထားရန်လိုအပ်သည်မှာ အနည်းဆုံးသော အင်တာနက်ကို ဆက်သွယ်နိုင်သည့် ပတ်ဝင်းကျင်သာလျှင် ဖြစ်၏။
ဝန်ဆောင်မှု့ပုံစံအပေါ်တွင်မှုတည်၍ လက်ရှိအချိန်အခါတွင် Cloud Computing များကို အောက်ပါအတိုင်း အမျိုးအစား ခွဲခြားနိုင်ပါသည်။
- SaaS
Software As A Service ၏ အတိုကောက်အခေါ်အဝေါ်ဖြစ်၏။ အီးမေးလ်များ၊ Groupware များ၊ CRM များကို SaaS အဖြစ် ဝန်ဆောင်မှု့ပေးနေသည်ကို တွေ့ရလေ့ရှိပါသည်။ salesforce.com ၏ Salesforce CRM ၊ gmail အစရှိသော အင်တာနက်မေးလ်များ၊ Microsoft Online Service အစရှိသည်များကို SaaS ဟု သတ်မှတ်လေ့ရှိ၏။ - PaaS
Platform As A Service ၏ အတိုကောက်အခေါ်အဝေါ်ဖြစ်၏။ Application Server နှင့် DB Server အစရှိသော Platform များကို ဝန်ဆောင်မှု့ပေးသောပုံစံဖြစ်၏။ အသုံးပြုသူက မိမိ၏ Application ကို ဝန်ဆောင်မှု့ပေးသော Platform အပေါ်တွင်တင်၍ အသုံးပြုရုံသာဖြစ်၏။ salesforce.com ၏ Force.com Platform၊ Google ၏ Google AppEngine နှင့် Microsoft ၏ Windows Azure တို့သည် PaaS များဖြစ်ကြ၏။ - HaaS ဒါမှမဟုတ် IaaS
HaaS မှာ Hardware As A Service ၏ အတိုကောက်ဖြစ်ပြီး၊ IaaS မှာ Infra As A Service ၏ အတိုကောက် အခေါ်အဝေါ်ဖြစ်၏။ အမည်အတိုင်း ဟတ်ဝဲစက်ပစ္စည်းများကို ဝန်ဆောင်မှု့ပေးသော ပုံစံမျိုးဖြစ်ပါသည်။ အသုံးပြုသူက OS မှအစ လိုအပ်သည့် Middle ware များကို လိုအပ်သလို ထည့်သွင်းအသုံးပြုနိုင်ပါသည်။ Amazon EC2 နှင့် Amazon S3 တို့သည် ထင်ရှားသော HaaS များဖြစ်ကြပါသည်။
ဤကဲ့သို့သော တိမ်တိုက်စနှစ်ဝန်ဆောင်မှု့များသည် Enterprise System များအတွက် လွန်စွာမှကောင်းသော အခွင့်အလမ်းများပင်ဖြစ်၏။ ယခင်က System တစ်ခုတည်ဆောက်မည် ဆိုလျှင် ရင်းနှီးရမည့် Hardware များမှာမနည်းပေ။ ရေးပြီး၍ အသုံးမဝင်သည့်အခါများလည်းရှိ၏။ ထိုအခါများတွင် ရေးထားသမျှ ရေထဲမျှောရတော့မည် ဖြစ်သည်။ လိုအပ်သလို ငှားရမ်းအသုံးပြုသွားရုံသာပင် ဖြစ်၏။ တဖန် စက်ပစ္စည်းများ မော်ဒယ်အသစ်များ ထွက်ပေါ်လာပြန်လျှင်လည်း ဆာဗစ်အသစ်များကို ပြောင်းလည်းပြီးအသုံးပြုရုံသာပင်၊ ဝယ်ယူထားရန်မလိုအပ်ပါသဖြင့် စက်ဟောင်းများကို ပေပြီးသုံးစရာမလိုတော့ပေ။ ထို့အပြင် ဝန်ဆောင်မှု့များကို ပေးနေသည်မှာ ယနေ့ ကမ္ဘာတွင်ထင်ရှားသော Amazon, Google, Microsoft အစရှိသော ကုမ္ပဏီကြီးများဖြစ်ကြပါသဖြင့် ထိုကုမ္ပဏီကြီးများ၏ နည်းပညာများကိုလည်း အသုံးပြုနိုင်ခြင်း အစရှိသော အားသာချက်များလည်း ရှိပါသည်။
OR Mapping နှင့် XML DB
OR Mapping ဆိုသည်မှာ Object Relational Mapping ၏ အတိုကောက်အခေါ်အဝေါ်ဖြစ်ပြီး၊ Data Object နှင့် Relational Database ၏ အချက်အလက်များကို ပူးတွဲထားခြင်းဖြစ်၏။ Relational Database ၏ အချက်အလက်များကို Program များထဲမှ Object များအနေဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။ အလွန်ဆုံးပြောမည်ဆိုပါက Application Developer များက Database Management System ၏ တည်ဆောက်ပုံကို အသေးစိတ် သိစရာမလိုတော့သလို၊ Database Engineer တွေကလည်း Data Design ကို သာအာရုံစိုက်ရုံ သာဖြစ်၏။
သို့ရာတွင် DB ပိုင်းတွင် Relational ပုံစံ Design ဖြစ်ပြီး၊ Application အပိုင်းတွင် OOP ပုံစံ ဖြစ်နေသည်မှာ မပြောင်းလည်းပေ။
နောက်တစ်ခုစိတ်ဝင်စားစရာကောင်းသည်မှာ XML DB ဖြစ်၏။ Document Model ဖြင့် အချက်အလက်များကို ထိမ်းသိမ်းထားနိုင်ခြင်းသည် OOP ကို အခြေခံသော ပရိုဂရမ်မင်းဘာသာရပ်များနှင့် လွန်စွာမှအသုံးတည့်လေသည်။ တဖန်အချိန်နှင့်အမျှပြောင်းလည်းနေသော လုပ်ငန်းအချက်အလက်များအတွက် Relation Data Object နှင့်စာလျှင်၊ ပြုပြင်ပြောင်းလည်းရ လွယ်ကူသော DOM သည် လွန်စွာမှ အသုံးတည့်လှပေသည်။ IBM ၏ DB2 နှင့် Oracle Database တို့သည်လည်း နောက်ပိုင်းတွင် XML DB ကို Support လုပ်လာပါသည်။
ဤကဲ့သို့သော နည်းပညာများ၏ပြောင်းလည်းခြင်းများ၊ Cloud ဆားဗစ်များနှင့် ပြုပြင်ပြောင်းလည်းရလွယ်ကူသော XML Data ပုံစံများသည် Enterprise Application များအတွက် Hint များဖြစ်သလို Open ERP အစရှိသည့် Packageများသည်လည်း Enterprise Application များကို ရေးသားရလွယ်ကူစေရန် ဖန်တီး၍လာပါသည်။ တဖန် Continuous Integration ကဲ့သို့သော အဆက်မပြတ် ရေးသားခြင်း နည်းပညာသည်လည်း Enterprise Application များကို Agile ပုံစံ ရေးသားမှု့စနစ်ကို လွယ်ကူစေရန် ဖန်တီးပေးနိုင်ပါသည်။
တဖန် ယနေ့ Enterprise Application ၏ ပရိုဂရမ်မင်းဘာသာရပ် ဖြစ်သော Java သည်လည်း၊ Java EE 6 မှစ၍ Cloud များအတွက်အသုံးပြုနိုင်ရန် ပြုပြင်မှု့များ၊ ပိုမို၍ရေးရလွယ်ကူစေရန် POJO များဘက်ကို ပြုပြင်ပြောင်းလည်းမှု့များ၊ မော်ဂျူးများကို လိုအပ်သလိုထည့်သွင်းအသုံးပြုနိုင်စေသော ပြုပြင်ပြောင်းလည်းမှု့များကို တွေ့ရပါသည်။ ဤကဲ့သို့သော ပြောင်းလည်းခြင်းများကို ကြည့်ခြင်းအားဖြင့် ယနေ့တိုင် ခက်ခဲရှုပ်ထွေးလှသည်ဟု အပြောများခဲ့သော Enterprise Application များသည် ရေးသားရလွယ်ကူစေရန် ပြောင်းလည်းလျှက်ရှိသည်ကို တွေ့မြင်နိုင်မည်ဖြစ်ပါသည်။
ဆက်ပါဦးမည်
မင်းလွင်




