အခြေပြု ရူပဗေဒ အတွဲ-၄ သံလိုက်နှင့်လျှပ်စစ် -အပိုင်း(၄) သံလိုက်အိမ်မြှောင်

0

ဆရာကြီး ဒေါက်တာမောင်မောင်ခ (M.Sc. (Lond.), Ph.D. (Lond.,) D.I.C., A. inst. P. (ပါမောက္ခ၊ ရူပဗေဒဌာန၊ ရန်ကုန်တက္ကသိုလ်) နှင့် ဆရာကြီး ဦးစံသာအောင် (B.Sc. (Hons.,) A.M.(Harvard) (ကထိက၊ရူပဗေဒဌာန၊ ရန်ကုန်တက္ကသိုလ်) တို့ ရေးသားထုတ်ဝေခဲ့ကြသော တန်းမြင့်ကျောင်းထွက်နှင့် တက္ကသိုလ်ဝင် ကျောင်းသားများအတွက် အခြေပြု ရူပဗေဒ အတွဲ-၄ သံလိုက်နှင့်လျှပ်စစ် ဟူသော စာအုပ်မှ ကောက်နုတ်ချက် ဖြစ်ပါသည်။

ပုံ(၁)

ပုံ(၁) သည် ရိုးရိုးသံလိုက်အိမ်မြှောင်တစ်ခု၏ပုံ ဖြစ်လေသည်။ ၄င်းသည် သံလိုက်ဓာတ်သွင်းထားသော နှစ်ဖက်ချွန် သံမဏိပြားဖြစ်ပြီး ၄င်းသည် ဗဟိုဟန်ချက်တွင် ထောက်ထားသော အပ်တိုင်ထိပ်တွင် ပတ်ချာလည်နိုင်လေသည်။ ၄င်းသည် လမ်းညွှန်ကျောက်ခဲ (ဝါ) လုပ်ဒ်စတုံး (lodestone) ကဲ့သို့ပင် အလိုအလျောက် မြောက်နှင့် တောင်ဘက်များသို့ အမြဲပင် ညွှန်လျက်တည်နေလေ၏။ မြောက်ဖက်သို့ ညွှန်နေသော အစွန်းကို မြောက်ဝင်ရိုးစွန်း (north-pole) ဟုခေါ်ပြီး၊ (N) အမှတ်အသားပေးထား၏။ တောင်ဘက်ညွှန်သော တောင်ဝင်ရိုးစွန်း (south-pole) ကို (S) အမှတ်အသား ပေးထားလေသည်။

 

 ပုံ(၂)

 

ပုံ(၃)

ပုံ(၂) သည် သံလိုက်ဓာတ်သွင်းထားသော ဝတ္ထုချောင်းတခု၏ပုံဖြစ်၏။ ၄င်းသည် လုဒ်စတုံးနှင့် သံလိုက်အိမ်မြှောင်တို့ကဲ့သို့ မည်သို့ပင်ထားစေကာမူ မြောက်နှင့် တောင်ဘက်များကိုသာ   ညွှန်လျက် တည်နေ၏။ (N) နှင့် (S) အမှတ်အသားများမှာ မြောက်နှင့်တောင် ဝင်ရိုးစွန်းများကို ပြကြလေသည်။

သံလိုက်တစ်ခု၏ ဝင်ရိုးစွန်းများသည် ထိပ်စွန်းများ၌ တိကျစွာ မတည်ရှိချေ။  ထိပ်စွန်းများအနီး၊ အတွင်းဘက်ကျသော နေရာများတွင် တည်ရှိကြ၏။ သံလိုက်ချောင်းတစ်ခု၏ ဝင်ရိုးစွန်းနှစ်ခုကို ဆက်သောမျဉ်းကို သံလိုက်ဝင်ရိုး (magnetic axis) ဟုခေါ်၍၊ ဝင်ရိုးစွန်းနှစ်ခု၏ အကွာအဝေးကို သံလိုက်၏ အလျားမှန် (ဝါ)အကျိုးဖြစ်အလျား (effective lenght) ဟု ခေါ်လေသည်။

Leave a Reply

© 2011 Technology for Myanmar. All rights reserved.
Proudly designed by Theme Junkie.